လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

သား ဂျောင်းတက်ချင်ဘူး မေမေ

22 September 2007

ကျောင်းတက်ရမှာ ပျင်းတဲ့သူတွေ ရှိမယ်။ အဲဒီလိုလူတွေက
  • ဆရာ(မ) ပေးလိုက်တဲ့ အိမ်စာကို မပြီးလို့ဖြစ်နိုင်တယ်။
  • ဆရာ(မ) ကျက်ခိုင်းတဲ့စာကို မရလို့ ဖြစ်နိုင်တယ်။
  • ဆရာ(မ) အလှူခံတာကို မထည့်ချင်လို့ ဖြစ်နိုင်တယ်။
  • ဆရာ(မ) အလှူခံတာ ထည့်ဖို့အမေပေးလိုက်တဲ့ ပိုက်ဆံကို သုံးလို့ကုန်သွားတာကြောင့်လည်းဖြစ်နိုင်တယ်။
  • သူငယ်ချင်းကို အကြွေးပေးရမှာကြောင့်လည်း ဖြစ်နိုင်တယ်။
  • ပျင်းရိခြင်း (၆)ပါး ကြောင့်လည်းဖြစ်နိုင်တယ်။
  • ကျောင်းတက်ရမဲ့အချိန်မှာ တခြားအရေးတကြီးလုပ်စရာ ရှိလို့လည်းဖြစ်နိုင်တယ်။
  • Report ကပ် (အောင်စာရင်း) ပေးခါနီးလည်း ဖြစ်နိုင်တယ်။ (အမှတ်မကောင်း၍)
စသဖြင့်ပေါ့ .....။
အော .. ကျောင်းတက်ချင်ပါပေ့ ဆိုတဲ့လူတွေလည်း ရှိသေးတယ်။ ရှားရှားပါးပါးပါ။
သူတို့တွေကျတော့
  • သူငယ်ချင်းတွေနဲ့ ကျောင်းမှာပျော်လို့ ဖြစ်မယ်။
  • အိမ်မှာနေရင် မိဘနားပူ လို့ ဖြစ်မယ်။
  • ကိုယ်ကြိုက်တဲ့ သူနဲ့ တွေ့ရမှာမို့လည်း ဖြစ်မယ်။
  • ကျောင်းတက်ရင် မုန့်ဖိုးရတယ်လေ၊ အဲဒီတော့ ကျောင်းသွားရမှာပေါ့ ဆိုတာလည်း ဖြစ်နိုင်တယ်။
  • ကျွန်တော်တို့နေခဲ့တဲ့ကျောင်းက တခါတလေ အဟာရဖြစ်အောင်ဆိုပြီး မုန့်ကျွေးသေးတာ။ Free ဆိုတော့ အဲဒီလိုနေ့မျိုး အပြေးကလေးသွားတာပေါ့။ ဘယ်အလွတ်ခံမလဲ။
  • ဒီတခေါက် စာမေးပွဲဖြေတာ အတော်ဖြေနိုင်တယ်။ အမှတ်များများရမှာသေချာတယ်လေ။ ဒီတော့ Report Card (အောင်စာရင်း) ထွက်ခါနီးဆိုရင် ရင်ကော့ပြီး ကျောင်းသွားရတာအမော။ ဟဲဟဲ အားလုံးကိုကြွားပစ်မယ်လေ။
  • ကျောင်းက ဖတ်စာအုပ်တွေ မဲနှိုက်ရမယ်၊ ဝေတော့မယ်ဆိုရင်၊ ဘယ်နေ့မှန်းအတိအကျမသိတော့ အဲဒီနားရက်တွေမှာ ကျောင်းမှန်မှန်သွားရတယ်လေ။ ဖတ်စာအုပ်ပါမလာရင် ကျောင်းလစ်တာ အမေသိသွားမှာပေါ့။
  • ကျောင်းပွဲတွေလည်း မျှော်ရတာ အမော။ ပွဲနီးပြီဆိုရင် ဟိုစပ်ဒီစပ်ပါတာဆိုတော့ ကျောင်းကမှန်နေပြန်ရော။
  • တက္ကသိုလ်ရောက်တော့လည်း တက်ရောက်မှတ်တမ်း (attendance) ခေါ်မယ်ဆိုတဲ့နေ့တွေ မှာ ပေါ်တော်မူ လုပ်ရတယ်လေ။
  • စာမေးပွဲနားနီးရင်လည်း ကျောင်းက အတော်မှန်ရတယ်။ ဆရာမက စပေါ့ (အနီးကပ်မေးခွန်း) ပေးမယ်ဆိုလို့ .. ဟိဟိ။
စသဖြင့်ပေါ့ဗျာ။

ဒါပေမယ့် ဘယ်မိဘမဆို သူတို့သားသမီးတွေကို ကျောင်းမှန်မှန်တက်စေချင်ကြတယ်ဗျ။ တစ်နေ့တော့ အမေနဲ့ ပြဿနာတက်ရောဗျာ။

ဟဲ့ကောင်၊ ဘာလို့ကျောင်းလစ်လစ်နေတာလဲ။ လိမ်ဖို့ မစဉ်းစားနဲ့။ ငါသတင်းရပြီးပြီ။ နင်ပညာမတတ်ရင် ခွေးဖြစ်သွားမယ်။ ငါတို့မှာ နင့်အတွက် ပိုက်ဆံကုန်ထားရတာ။ နင်ကတော့ ပျော်လို့ပါးလို့။

အော်အမေရယ်၊ အမေတို့ သားအတွက် ပိုက်ဆံကုန်ထားရတာ သားသိပါတယ်။ ဒါပေမယ့် ကျောင်းတက်တော့ ပညာတတ်ရောလား အမေရယ်။ နောက် ပညာမတတ်ရင် ခွေးဖြစ်မယ်ဆိုတာတော့ ဟုတ်ပါပြီ။ ပညာတတ်ရင်ကော ဘာဖြစ်မှာမို့လဲ။

အမေ ဒေါသထွက်ပြီး မျက်နှာကြီးနီရဲနေ၍ ဘာမှဆက်မပြောဖြစ်တော့။ အမှန်တိုင်းပြောရရင် အမေမလွန်ပါ။ ပထမနှစ် တက္ကသိုလ်စတက်ရ၍ ကျောင်းအတော်မှန်ခဲ့သည်။ ပြန်စဉ်းစားကြည့်တော့ ဒုတိယနှစ်တွင် တစ်နှစ်ပတ်လုံးမှ နေ့ဝက် (၈)ခါသွား၍ ကျောင်း (၈)ရက်တက်ခဲ့သည် ဟုပြောနိုင်သည်။ စာမေးပွဲဖြေသော ရက်များ ထည့်တွက်လျှင် အတော်ပင်များနေပြီ။ တတိယနှစ်တွင် စုစုပေါင်း (၂) ရက် သာကျောင်းရောက် ခဲ့သည်။ ကျောင်းစဖွင့်သောရက် နှင့် စာမေးပွဲ ဖြေခါနီး တက်ရောက်မှတ်တမ်း (attendance) ခေါ်သောနေ့ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်ပြောပါသည်၊ အမေ မလွန်ပါ။
သို့သော် ကျွန်တော်လည်း မမှားပါ။ ကျောင်းတက်မှန်၍ စာတော်ရမည် ဟူသော ဆောင်ပုဒ်ကို ကျွန်တော် လက်ခံပါသည်။ သို့သော်

ကျောင်းတက်ရုံနဲ့ စာမတော်ပါ။
စာတော်ရုံနဲ့ စာမတတ်ပါ။
စာတတ်ရုံနဲ့ ပညာမတတ်ပါ။
ပညာတတ်ရုံနဲ့ ပညာမရှိပါ။
ပညာရှိရုံနဲ့ လူမချမ်းသာနိုင်ပါ။
လူချမ်းသာရုံနဲ့ စိတ်မချမ်းသာနိုင်ပါ။
ထို့ကြောင့် ကျွန်တော် စိတ်ချမ်းသာဖို့ မသေချာသော ကျောင်းကို မသွားဖြစ်တော့ပါ။ စိတ်ချမ်းသာဖို့သေချာအောင် ပျော်ပျော်သာ နေလိုက်ပါသည်။

ကျွန်တော့လို ကျောင်းတက်ပျင်းသူများသို့ စကားလက်ဆောင်ပါးလိုက်ပါမည်။ ငယ်စဉ်အချိန် ကျောင်း တက်နေစဉ်ကာလအတွင်း ဆရာ/ဆရာမများ နှင့် ကျောင်းသားအများစုက ငတုံးငအ၊ သုံးစားမရသောသူများဟု သက်မှတ်ခဲ့ကြသော်လည်း ဘ၀ကို တကယ်ရုန်းကန်ကျင်လည်ရချိန်တွင် လူတော်လူထက် ပညာရှိကြီးများဟု အများကသမုတ်ကြသော သူများ၏စာရင်းကို တင်ပြလိုက်ပါသည်။

စာလုံးပေါင်း ညံ့သူများ။ ။ အိုင်ယာလန် နိုင်ငံသား ကဗျာဆရာကြီး ယိတ်စ (William Butler Yeats, 1865 - 1939)၊ အိုင်ယာလန် နိုင်ငံသား ပြဇာတ်ဆရာကြီး ဘားနတ်ရှော (George Bernard Shaw, 1856 -1950)။
သင်္ချာညံ့သူများ။ ။ အမေရိကန် နိုင်ငံရေးခေါင်းဆောင်၊ ပညာရှိကြီး ဘင်ဂျမင် ဖရင်ကလင် (Benjamin Franklin, 1706 - 1790)၊ ပြင်သစ် ပန်းချီဆရာကြီး ပက်ဗလို ပီကာဆို (Pablo Picasso, 1881 - 1970)၊ သြစတြီးယားနိုင်ငံသား စိတ်ပညာဆရာကြီး အဲလ်ဖရက် အက်ဒလား (Alfred Adler, 1870 - 1937)၊ ဆွီဇာလန်နိုင်ငံသား စိတ်ပညာဆရာကြီး ကားလ်ဂုစတပ်ဗ် ယွန်းဂ် (Carl Gustav Jung, 1870 - 1950)။
ကျောင်းမှထုတ်ခံရသူများ။ ။ ဂျာမန် သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein, 1879 - 1955)၊ အမေရိကန်စာရေးဆရာကြီး အဂ္ဂါး အယ်လင်ပိုး (Edgar Allan Poe, 1807 - 1849)၊ ဗြိတိသျှ ကဗျာဆရာကြီး ရှယ်လီ (Percy Bysshe Shelley, 1792 - 1822)။
အတန်းထဲမှာ ဘိတ်ဆုံး။ ။ အမေရိကန် တီထွင်မှု ပါရဂူကြီး တောမတ်စ် အဲလ်ဗား အက်ဒီဆင် (Thomas Alva Edison, 1847 - 1931)။
ဉာဏ်လေးသူ။ ။ အိုင်စတိုင်း။
စိတ်ကူးယဉ်သမား။ ။ ပြင်သစ်ပန်ချီဆရာကြီး ပေါလ် ဂေါ ဂင်း (Paul Gauguin, 1849 - 1903)။
ထုံထိုင်း၍ သုံးမရနိုင်သူ။ ။ ရေနွေးငွေ့စက်ကို တီထွင်သူ ဗြိတိသျှ အင်ဂျင်နီယာ ဂျိမ်းစ်ဝပ်တ် (James Watt, 1736 - 1819)။
(မှတ်ချက်။ ။ တစ်နေ့တွင် ဤစာရင်း၌ ပီကေပါလာမည်)

ဤစာရင်းကို ပြုစုထားသူမှာ ဗြိတိသျှ ကလေးရောဂါ ဆရာဝန်ကြီး ရော်နယ် အစ်လင်းဝပ် ဖြစ်ပါသည်။
အထက်ပါလူပုဂ္ဂိုလ်တစ်ယောက်ချင်းစီ အကြောင်းကို အသေးစိတ်သိလိုလျှင် အင်္ဂလိပ်နာမည်များကို ကလစ် နှိပ်၍ ဖတ်ရှုနိုင်ပါသည်။