လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ပြောပါများ စကားရ

17 September 2007

ခွေးရှေ့လျှောက်ရင် လက်မ ဖွက်ထား
တပည့် - ဆရာ၊ ခွေးတွေအရှေ့ ဖြတ်လျှောက်ရင် ခွေးကိုက်မခံရအောင် လူကြီးတွေက လက်မဖွက်လျှောက်ခိုင်းတယ်လေ။ အဲဒီလို ဖွက်လိုက်တော့ ခွေးကမကိုက်ရဲတော့ဘူးလား ဆရာ။
ဆရာ - အေးပေါ့ကွ၊ အနည်းဆုံးလက်မတော့ အကိုက်မခံရဘူးပေါ့။ ခွေးက လက်မမှရှာမတွေ့ဘဲ။

အိပ်ချင်မှ အိပ်မှာ
တပည့် - စာမေးပွဲကလည်း နီးနေပြီ။ စာကျက်စရာတွေလည်း အများကြီးကျန်သေးတယ်ဆိုတော့ ကျွန်တော်ဒီနေ့ အိပ်ချင်မှ အိပ်မှာ ဆရာ။
ဆရာ - ဟေ၊ ဘာလုပ်မလို့လဲ။
တပည့် - စာကျက်မလို့ပေါ့ဆရာရယ်။ အကြွေးတွေလည်းများတော့ ဒီည အိပ်ချင်မှအိပ်မယ်။
ဆရာ - မလုပ်ပါနဲ့ငါတပည့်ရယ်။ ကျန်းမာရေးလည်းဂရုစိုက်ဦး။
နောက်တစ်နေ့ ...
ဆရာ - ဘယ်လိုလည်း စာတွေအတော်ရနေပြီလား။
တပည့် - မနေ့ညက (၈) နာရီလောက် အိပ်ချင်လာတော့ အိပ်လိုက်တယ်ဆရာ။
ဆရာ - မင်းပြောတော့ အိပ်ချင်မှ အိပ်မှာဆို။
တပည့် - ဟုတ်တယ်လေဆရာ၊ စောစောအိပ်ချင်လာတော့ ဘာတတ်နိုင်မှာလဲ ဆရာရယ်။

အပြစ်ရှိလား
တရားသူကြီး - ကဲ၊ အခုမင်းရဲ့ပြစ်မှုတွေ အားလုံးလည်း ထင်ရှားနေပြီ။ မင်းအခုထိ ၀န်မခံချင်သေးဘူးလား။ ကဲ ဖြေစမ်း၊ မင်းမှာအပြစ်ရှိလား။
တရားခံ - ဟုတ်ကဲ၊ ကျွန်တော့မှာ အပြစ်လည်းရှိပါတယ်။ အကျဲလည်းရှိပါတယ်ခင်ဗျ။

ဆရာမ၏ သြ၀ါဒ
ဆရာမ - မင်းတို့တွေ ကြပ်ကြပ်မှတ်ထား၊ လောကမှာ မိဘစကား၊ ဆရာသမားစကား နားထောင်လို့ ဒုက္ခရောက်ရတယ်ဆိုတာ ဘယ်မှာရှိခဲ့ဖူးလဲ။ မိဘစကား၊ ဆရာသမားစကားကို နားမထောင်လို့ ဒုက္ခရောက်ခဲ့ရတာတော့ အတိတ်မှာ ဒုနဲ့ဒေးပဲ။ ငါတို့စကားနားထောင်လို့ ဒုက္ခရောက်တာ ကြားဖူးလားပြောစမ်း။
တပည့် - ကျွန်တော်သိတယ် ဆရာမ။
ဆရာမ - လာပြန်ပြီ ဒီကောင်။ ပေါက်ကရ လေးဆယ်ပြောဦးမယ်။
တပည့် - ကျမ်းကိုးကျမ်းကိုင်နဲ့ ပြောမှာပါ။ ဆရာမ ပြောပြီးလို့ မရိုက်ပါဘူးလို့ အာမခံရင် ကျွန်တော်ပြောမယ်။
ဆရာမ - အေး၊ မင်းပြောတာ ယုတ္တိရှိပါစေ။ ငါမရိုက်ဘူး။
တပည့် - မိဘနဲ့ ဆရာသမားရဲ့စကားကို နားထောင်လို့ ဒုက္ခရောက်ခဲ့လူနှစ်ယောက် ကျွန်တော်သိတယ်ဆရာမ။
တစ်ယောက်က အင်္ဂုလိမာလ လေ။ ဆရာ့ စကားအဟုတ်မှတ်ပြီး လက်ချောင်းတွေလိုက်ဖြတ်လို့ လူသတ်သမားကြီးလို့ သမုတ်ခံရတယ်လေ။ ပါဠိကျမ်းဂန်ထဲမှာ လူတော်များများ ဖတ်ဖူးပါတယ်။
နောက်တစ်ယောက်ကတော့ ကျွန်တော်နာမည် မသိဘူး။ အမေက ဒါလေး ခိုးခဲ့၊ ဟိုဟာလေးခိုးခဲ့ ဆိုပြီးသင်ပေးရင်း နောက်ဆုံးကျ သူခိုးကြီး လုံးလုံးဖြစ်ရော။ သေဒဏ်ပေးခါနီး တစ်ရက်အလိုမှာ သူ့အမေက သူ့ကို ထောင်မှာလာတွေ့တော့ အစကတည်းက လမ်းမှန်မပြရကောင်းလားဆိုပြီး သူ့အမေနားကိုကိုက်တယ်။ ဒါလည်း ဇာတ်တော်ထဲမှာ အထင်အရှားပါတာပဲ။
နောက်ပြီး မိဘဆရာသမား စကားကို လုံးဝနားမထောင်ဘဲ ကိုယ်ဖာသာ ကောင်းမယ်ထင်တာ လုပ်လို့ ကြီးပွားချမ်းသာ သွားတဲ့သာဓက နှစ်ခုလည်း ရှိတယ် ဆရာမ။
တစ်ယောက်က ဇနကမင်းသားလေ။ သူ့အမေက ငါ့သားရယ် ပင်လယ်ထဲမှာ လေပြင်းမှုန်တိုင်းတွေနဲ့ ကုန်ကူးမလိုက်ပါနဲ့လား လို့တားတာ နားမထောင်ဘဲ လိုက်သွားတာ ဟော မေခလာနဲ့တွေ့တယ်။ ပြီးတော့ ဘုရင်ဖြစ်သွားတယ်။ ပင်လယ်ပြင်မှ ကုန်ကူးမထွက်ရင် ဇနကမင်းသား ဘုရင်ဖြစ်ပါ့မလားလို့ စဉ်းစားမိတယ်။ ဒါဆို အမေ့စကားနားထောင်ရင် ဘုရင်မဖြစ်တော့ဘူးပေါ့။
နောက်တစ်ယောက်က ဗုဒ္ဓမြတ်စွာဘုရားပေါ့။ မိဘက စကြာဝတေးမင်း ဖြစ်စေချင်တယ်။ ဒါပေမယ့် သူက တရားရှာချင်တယ်။ မိဘလုပ်တဲ့သူက သူတို့သား တောမထွက်အောင် နည်းမျိုးစုံနဲ့ သွေးဆောင်ဖြားယောင်းထားတယ်။ နောက်ဆုံး မိဘရဲ့ဆန္ဒကို သွေဖီဆန့်ကျင်ပြီး တောထွက်သွားတယ်။ ဒါကျွန်တော်တို့အားလုံး အသိပဲလေ။ တော်သေးတာပေါ့ဗျာ။ ကျွန်တော်တို့ကံကောင်းတာပါ။ အဲဒီတုန်းက သိဒ္ဓတ္တဆိုတဲ့မင်းသားက သူ့မိဘစကားနားထောင်ပြီး စကြာဝတေးမင်းသာလုပ်ခဲ့ရင် ဒီနေ့ ကျွန်တော်တို့ ကန်တော့နေတဲ့ ဗုဒ္ဓမြတ်စွာဘုရားဆိုတာ ဘယ်မှာလာရှိတော့မလဲ ဆရာမရယ်။ နှစ်ပေါင်း ၂၅၀၀ ကျော်တာတောင် တန်ဖိုးမဖြတ်နိုင်တဲ့ တရားတော်တွေ ဘယ်သူလာဟောပါတော့မလဲ။
(ထိုစကားပြောပြီးသောအခါ ဆရာမက မရိုက်သော်လည်း လေးလလောက် မခေါ်တော့ပါ)

ဘုရားမကြိုက်ပါ
မောင်နီ - ဘာသာတရားတိုင်းဟာ ပညတ်ချက်တွေကိုယ်စီနဲ့။ ဟိုဟာမလုပ်ရဘူး၊ ဒီဟာမလုပ်ရဘူး ဆိုပြီး တားထားတာတွေအများကြီးပဲ။ တို့ဗုဒ္ဓဘာသာမှာလည်း ဒီလိုပဲ။
မောင်မဲ - အေးကွ။ ဒါကြောင့် လူကြီးတွေကလည်း ဘုရားမကြိုက်တဲ့အလုပ် မလုပ်ရဘူးလို့ ပြောပြောနေပေါ့။
မောင်နီ - အဲ သူတို့မလုပ်နဲ့ ဆိုတဲ့ဟာတွေက သာလို့တောင်ကောင်းသေး။
မောင်မဲ - လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့ကွာ။ ဘုရားမကြိုက်ပေမယ့် ငါကြိုက်တယ်ကွ။ ကောင်းတာကိုး။

မေမေညာတယ်
သား - အမေ၊ ဘာလို့ မိုးကြိုးပစ်တာလဲ။
အမေ - သိကြားမင်းက ဆိုးတဲ့သူတွေကို ပစ်တာ။ လိမ်လိမ်မာမာနေနော် သား။ တော်ကြာအပစ်ခံဦးမယ်။
သား - ဟုတ်။

သား - အမေ၊ သား ကြက်ခြေထောက်စားချင်တယ်။
အမေ - သား ငယ်ငယ်ရွယ်ရွယ်နဲ့ ကြက်ခြေထောက်မစားရဘူး။ လက်တုန်တတ်တယ်။ တော်ကြာလက်ရေးမလှဘဲ နေဦးမယ်။
သား - ဟုတ်။

အမေ - ဟဲ့သား၊ ဘာလို့အိမ်ထဲမှာ လက်သည်းညှပ်နေတာလဲ။
သား - အမေကလည်း ပြီးရင် တံမြတ်စည်းလှဲလိုက် ရတာပဲကို။
အမေ - မဟုတ်ဘူး သားရဲ့။ အိမ်ထဲမှာ လက်သည်းညှပ်ရင် စုန်းကိုင်လိမ့်မယ်။

သား - စုန်းကိုင်တယ်ဆိုတာ ဘာလဲ မေမေ။
အမေ - တရုတ်ကားထဲမှာ အကြောပိတ်ခံထားရသလိုပဲ။ လုပ်ချင်ရာလုပ်လို့မရတော့ဘူး။ မင်းမုန့်စားနေတုန်း စုန်းကိုင်ရင် စားလို့မရဘဲ ဖြစ်နေမှာပေါ့။
သား - ဟုတ်ကဲ့အမေ။ သားအပြင်ထွက်ညှပ်မယ်။

သား - အမေ၊ မိန်းမတစ်ယောက်ယူတာ ပိုက်ဆံဘယ်လောက်ကုန်လဲ။
အမေ - အေး၊ မင်းအဖေကိုယူမိတာ အခုထိကို ဆပ်လို့မကုန်သေးပါဘူး သားရယ်။

အမေ - ဟဲသား၊ ထစမ်း။ အဲဒီလောက်ထိအိပ်ရလား။ နေတောင် ဖင်ထိုးနေပြီ။
သား - ဘာဖြစ်လဲ အမေရယ်။ အိပ်ချင်လို့အိပ်တာပဲ။
အမေ - သြော် ဒီကလေးနဲ့၊ အဲဒီလောက်ထိမအိပ်ရဘူး။ ကိုယ်စောင့်နတ်ကမင်းကို ငြိုငြင်မှာပေါ့။
သား - သူနဲ့ ဘာဆိုင်လဲ အမေရာ။
အမေ - ဟဲ ကိုယ်စောင့်နတ်က နံနက်ဆို နတ်သဘင်အစည်းအဝေး တက်ရတယ်လေ။ မင်းက မနှိုးသေးတော့ သူ ဘယ်လိုသွားမလဲ။ မင်းနှိုးမှသွားရတော့ အမြဲနောက်ကျနေတာပေါ့။ ဒါကြောင့် မင်းကို သူကငြိုငြင်မှာပေါ့။