လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ခဲလုံးတစ်လုံး ကောက်ရထားတယ်

16 September 2007

နှင်းတွေဖြူဖြူဖွေးပြီး မြူတွေတထောင်းထောင်းထနေတယ်။ အာရုံမရောက်သေးတော့ မိုးကမလင်းတလင်း ၀ိုးတိုး ၀ါးတားနဲ့။ မြင်ကွင်းက အိပ်မက် မက်နေသလိုပဲ။ ဟုတ်တာပေါ့၊ ငါခုနတုန်းက အိပ်နေတာလေ။ သေချာပါပြီ၊ ဒါအိပ်မက်ပဲ။ ဟော ဟိုးအရှေ့က လှုပ်တုတ် လှုပ်တုတ်နဲ့ ရှည်ရှည်ကြီးတစ်ခု ရွေ့လာနေတယ်။ သြော် .. လူကြီးပဲ။ အင်္ကျီအဖြူနဲ့ ဆိုတော့အလှူခံများလားမသိဘူး။ အိပ်မက်ထဲအထိတော့ လိုက်အလှူမခံလောက်ပါ ဘူး။ ဒါမှမဟုတ် ပုံပြင်ထဲကလို ၀တ်ဖြူစင်ကြယ်နဲ့ သူတော်ကောင်းကြီး၊ တစ်ခုခုပေးမလို့နေမှာ။ သွားတောင်း ဦးမှ။
`အဘ၊ မနက်ကြီး မိုးမလင်းသေးဘူး၊ မမြင်မစမ်းနဲ့ အဘ ဘယ်သွားမလို့လဲ။´
`မင်းဆီလာတာပဲ ငါ့မြေးရဲ့။´
`ဗျာ၊ အဘက ကျွန်တော့ကို ဘာပေးမလို့တုန်း။´
`ဟေ၊ ငါ့မြေးက မင်းဆီတစ်ခုခုလာပေးမှာ ဘယ်လိုလုပ်သိသလဲ။´
`သြော်၊ ဒါကတော့ အဘရယ်၊ ပုံပြင်တွေထဲမှာ ဒီလိုပဲ ၀တ်ဖြူကြီးနဲ့ လူတွေကို တစ်ခုမဟုတ် တစ်ခုလိုက် ပေးနေတာပဲ။
ဂဏန်းပေးချင် ပေးမယ်၊ ပုဇွန်ပေးချင် ပေးမယ်၊ အဲမဟုတ်ပါဘူး၊ ပစ္စည်းတစ်ခု ပေးချင် ပေးမယ်။ အနောက် နိုင်ငံမှာဆို Santa Claus လိုပေါ့။´
`ကဲကဲ ငါ့မြေး၊ ဒါလေးကိုင်ထား၊ အဘပြောတာနားထောင်။ မင်းမှာလည်းတစ်နေ့နေ့ လူတွေနဲ့ အဆင်မပြေ ဖြစ်လို့ ရန်ဖြစ်ရတာလည်း အမောပဲမဟုတ်လား။´
`ဒါ အဘ ဘယ်လိုလုပ်သိသလဲ။´
`ဟဲ့ ဘိုးတော်လေ။ ဘိုးတော်ဆို အကုန်သိတယ်လို့မှတ်။´
`သြော်´။ သြော်ရုံမှတပါး အခြားမရှိ။
`အေး၊ ငါမြေး လူတွေနဲ့အဆင်ပြေပြီး ငြိမ်းငြိမ်းချမ်းချမ်း မနေချင်ဘူးလား။´
`ဘာပြောကောင်းမလဲ အဘရယ်၊ နေချင်တာပေါ့။´
`ဒါဆို ဒါဆောင်ထား။ တစ်ခုတော့ရှိတယ်။ ဘယ်သူကိုမှ မပြောရဘူး၊ မပြရဘူး။ နောက်ပြီး ဒီပစ္စည်းကို မင်းရဲ့ ဘယ်ဘက် (သို့) ညာဘက် လက်တစ်ဘက်ဘက်မှာ အမြဲကိုင်ထားရမယ်။ တစ်လတိတိပဲ။ လုံးဝမလွှတ်ရဘူး။ ရေချိုးရင်၊ အိပ်ရင်၊ ရုံးသွားရင်၊ အို ဘာပဲလုပ်လုပ် လက်တစ်ဘက်ဘက်မှာ ကိုင်ထားရမယ်။
တစ်လတိတိပဲ။ မင်းလုပ်နိုင်ပါ့မလား။လုပ်နိုင်မယ်ဆိုရင် သစ္စာဆိုရမယ်။ တစ်လပြည့်ရင် မင်းဆီ ငါပြန်လာမယ်။´
`ကျွန်တော် ကတိပေးပါတယ်။ လုပ်ကြည့်မယ်အဘရယ်။´
`အေး၊ မင်းစိတ်တော့ရှည်ရမယ်။ ဒုက္ခတွေကို သည်းခံရမယ်။ တစ်နေ့ထက်တစ်နေ့ ထူးထူးခြားခြားတွေ့ လာလိမ့်မယ်။ တစ်လပြည့်ရင်တော့ မင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုတော့ မင်းပိုင်ဆိုင်လာမှာပါ။´
အဘက စကားပြောတာတော့ အေးတိအေးစက်နဲ့။ လှည့်ထွက်သွားတော့လည်း မျက်စိရှေ့က ခဏလေးဆို ပျောက်သွားတယ်။
လက်ထဲမှာတော့ ဇီးသီးအရွယ်ရှိတဲ့ အလုံးလေးတစ်လုံး အဖက်တင်ခဲ့တယ်။ ဇီးသီးက ထိုင်ဝမ်ဇီးသီးနော်၊ အညာဇီး သီးလို သေးသေးလေးမဟုတ်ဘူး။
ဒါလေး လက်ထဲကိုင်ထားတာများ ဘာခက်တာလိုက်လို့။ လေးလဲမလေးဘူး။ အကြီးကြီးလဲ မဟုတ်ဘူး။ ဒါလေး တစ်လကိုင်ထားရုံနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခု ရမယ်ဆိုတော့ တန်ပါတယ်။ ဘာမလုပ်နိုင်စရာ အကြောင်းရှိမလဲ။

xxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxxxxx

သြော်၊ အိပ်မက်လဲ မဟုတ်ပါလား။ အိပ်မက်ဆိုတာ မက်ပြီးရင် ကိုယ့်အတွက် အမှတ်တရကလွဲလို့ ဘာမှမကျန်တတ်ဘူးလေ။ အချစ်လိုပေါ့။ ဒါပေမယ့် အခုလက်ထဲမှာ အလုံးတစ်လုံးရောက် နေတယ်။ ဟိုအဘပေးသွားတာ။
ကုန်ဈေးတန်းမှာ အော်နေတဲ့ ရေစိမ်သောက်သေးပေါက်တယ်၊ ဆောင်ထားလေးတယ် ဆိုတဲ့ အဆောင်လို မဲပြောင်ပြောင် အလုံးလေး။
ငါ့ကတိနဲ့ ငါပဲ။ ကတိ တည်ရမယ်လေ။ ကျွန်တော် သူတော်ကောင်းပါ။ မလစ်ရင်မလုပ်ပါဘူး။

အဲ .. ဒီမှာ စတွေ့ပြီ။ ရေချိုးမလို့ လက်တစ်ဖက်ထဲနဲ့ ဘယ့်နှယ့်လုပ်ရပါ့။ ရေပန်းနဲ့ချိုးလို့ တော်သေးတာပေါ့။
ဘက်စ်ကားပေါ်မှာ လက်တစ်ဖက်က ထမင်းချိုင့်နဲ့ နောက်လက်တစ်ဖက်က ဟိုဟာနဲ့ (အဘက ဘယ်သူမှမပြောနဲ့ဆိုလို့ပါ) ဆိုတော့ ဒုက္ခပဲ။ တန်းကို ဘယ်ကလက်နဲ့ သွားကိုင်ရမှာလဲ။ ကုလားဘုရားဆီက လက်တစ်ဖက် ခဏငှားရလိမ့်မယ်ထင်တယ်။
ကဲပါ၊ ထိုင်ခုံ ထိုင်လို့ ရမယ့် ဘက်စ်ကိုပဲ စောင့်စီးမယ်။ ဟောလာပြီ ကံကောင်းလိုက်တာ။ လမ်းတစ်ဝက်မှာ အသက် ၆၀ ကျော် အဘွားကြီး ကားပေါ်တက်လာပြီး ကိုယ်ထိုင်နေတဲ့ ထိုင်ခုံရှေ့ လာရပ်နေတယ်။ သဘောတရားအရတော့ ထိုင်ခုံဖယ်ပေးရမပေါ့။ ကိုယ့်ဒုက္ခနဲ့ကိုယ်မို့ ခွင့်လွှတ်ပါအဘွားရယ် လို့ပဲ စိတ်ထဲကရေရွက်မိတော့တယ်။
ဒါပေမယ့် ကိုယ့်ဒုက္ခကို ဘေးလူတွေ မသိကြဘဲကိုး။ စပယ်ယာကလည်းဘယ်သိမလဲ။ အော်ပြီပေါ့ `မကျိုးမကန်းမပဲ့မရွဲ့ပဲ ထိုင်ခုံမှာထိုင်နေတဲ့ ညီကိုတွေ အသက်ကြီးတဲ့သူကို ဦးစားပေးကြအုန်း´ တဲ့။
ယဉ်ကျေးမှုရှိတဲ့ နိုင်ငံလေ၊ အော်မှတော့ ဖယ်ပေးရတော့မပေါ့။ ကဲ .. တန်းကို မကိုင်ဘဲနဲ့ ဘယ့်နှယ့် ဘက်စ်ကားစီးရပါ့မလဲ။ စမ်းကြည့်တာပေါ့။
ထုံးစံအတိုင်း ကားဆရာတွေက မြွေဝင်စားတွေဆိုတော့ အဖြောင့်မမောင်းတတ်ကြဘူး။ ဟိုဘက်က ကောင်မလေးနားယိုင်သွားလိုက်၊ ဒီဘက် ကောင်မလေးနား ယိုင်သွားလိုက်နဲ့၊ ပါးတောင်ယားလာတယ်။
ဒီငနဲ လက်က တန်းမကိုင်ဘဲနဲ့ စတန့်ထွင်နေတာလား၊ တရုတ်သိုင်းကျင့်နေတာလား ထင်နေကြမယ်။ သေချာတာကတော့ ဘေးဘီကလူတွေအကုန်လုံး မျက်စောင်းတစ်ထိုးထိုးနဲ့။

ရုံးရောက်တော့လည်း ဟိုဟာလုပ်လဲ သူများ အကူညီတောင်းရ၊ ဒီဟာလုပ်လဲ အကူညီတောင်းရ နဲ့ ရုံးမှာရှိတဲ့ ကိုယ့်ဘော်ဒါတွေက ပိုလို့တောင် ငြိုငြင်လာတယ်။ ငါလက်မအားလို့ ကူပါဦး ပြောတော့ ဟိုဘက်လက်ကသေနေလို့လား ဆိုတဲ့အကြည့်နဲ့ မျက်စောင်းထိုးသွားကြတယ်။
ငါဘယ်လို ရှင်းပြရမလဲ။ ရှင်းပြလို့ကလည်း မဖြစ်။ ငါ့ဒုက္ခ ငါမှမပြောရင် ဘယ်သူသိမှာလ။ သြော် ဒါကြောင့် အဘက သည်းခံရမယ်လို့ ပြောခဲ့တာကိုး။ ကဲပါ၊ သည်းခံပေါ့။ သူတို့တွေ ငါ့ရဲ့ ဒုက္ခကိုမှ မသိကြဘ။ ပြောပြလည်း `စောက်ရူး´ ဆိုတဲ့ စကားတော့ ကြားရမှာသေချာတယ်။

လောကမှာ မိဘလောက် ကိုယ့်ကိုနားလည်ပေးနိုင်မယ့်သူ ဘယ်ရှိမလဲ။ ဒါပေမယ့် ....
ထမင်းစားခန်းမှာ အမေ့ကို ဟင်းထည့်ပေးဖို့ ပြောတော့၊ ကိုယ့်အမေပဲ ထည့်ပေးတာပေါ့။ အပိုဆု မေတ္တာတောင် ပို့လိုက်သေးတယ်။ `ဟဲ့ကောင်၊ ငါမွေးတုန်းက လက်နှစ်ဖက်နဲ့ပါ။ ဟိုဘက်လက်ကပြတ်နေတာလား´ တဲ့။

အင်းအမေပြောမှ သေချာစဉ်းစားမိတယ်။ တကယ်ကို လက်တစ်ဖက်ပြတ်နေသလိုပဲ။
ဟိုဟာ လက်ထဲရောက်ပြီးကတည်းက ညဆိုလဲ ကောင်းကောင်းမအိပ်ရဘူး။ လက်ထဲကလွတ်သွားမှာကို တထိတ်ထိတ် ဖြစ်နေရတာ။
လက်ထဲ စ ကိုင်ထားတုန်းက မလေးသလိုလိုနဲ့၊ အခုရက် ၂၀ ကျော်ကြာတော့ အတော်လေးလာပြီ။ သေချာစဉ်းစားကြည့်တော့ စိတ်ထဲကလေးနေတာ။ ဟိုဟာက ဇီးသီးတစ်လုံးစာပဲ လေးတာကိုး။
နောက်ပြီး လက်တစ်ဖက်ကမှ ဘာမှ အလုပ်လုပ်လို့မရဘဲ။ အကူအညီတောင်းရမှာပေါ့။ ဒါကို သူငယ်ချင်းတွေက သူတို့ကို အလကားခိုင်းနေတယ် ထင်တယ်။ ရုံးက လက်အောက်သားတွေက သူတို့ကို မောင်းနေတယ်ထင်တယ်၊ အနိုင်ကျင့်တယ် ထင်တယ်။
ညီအကို မောင်နှမတွေက စီးပိုးတယ် ထင်တယ်။ သူဌေးက အပျင်းကြီးတယ် ထင်တယ်။
ကဲ ....... လုပ်ကြပါဦး အရပ်ကတို့ရေ။ သူတို့ကို ဘယ်လိုရှင်းပြရမလဲ။ ဟိုဟာလေး အလကားရလို့ ကိုင်ထားမိပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုလို့တောင်ဆိုးလာတယ်။ လောကကြီးက မေတ္တာတရား တဖြေးဖြေးနဲ့ ခေါင်းပါးလာနေတယ်နော်။ ဘယ်သူမှလည်း ငါ့ကို နားလည်မပေးကြပါလား။
နားလည်စေချင်ရင် ရှင်းပြရမယ်ဆိုတာ သိတယ်။ ဘယ်လိုရှင်းပြမလဲ။ နားလည်ပါ့မလား။ သူတို့နားလည်းပေးတယ်ထား။ သူတို့ပေးမယ့်အကြံက ဟိုဟာကို လွင့်ပစ်ခိုင်းမယ်။ `ဘာမို့လို့ ဒီလောက်တောင် ဆုတ်ကိုင်ထားတာလဲ၊ လွင့်ပစ်လိုက်´ ဆိုတဲ့ အသံတွေကြားရနိုင်တယ်။
သူတို့ပေးတဲ့အကြံကယုတ္တိရှိတယ်။ ဒါပေမယ့် ဒီလောက်တောင် ဒုက္ခတွေနဲ့ လဲယူခဲ့ရတဲ့ မျှော်လင့်ချက်ကို ပန်းတိုင်ရောက်ခါနီးမှ မစွန့်ရက်ဘူး။ ၅ ရက်ပဲလိုတော့တယ်။ ဖြစ်လာသမျှ ကြိတ်ခံရုံပဲ။

ဒီလိုနဲ့ ... ဒီလိုနဲ့ ... မျိုးကြီးရဲ့ နိစ္စဓူဝ သီချင်းလို မနေ့ကအလုပ်တွေ ပြန်လုပ်ရင်းနဲ့ ရက် ၃၀ ဆိုတာ ဒီနေ့ ပြည့်ပြီလေ။ ည အဘနဲ့တွေ့ရင် အဘက ငါ့ကိုဘာလေးပေးမလဲ။ ဒါမှမဟုတ် ငါ့ကို ပေးထားတဲ့ ဟိုအလုံးလေးက ဓါတ်လုံးလို အစွမ်းရပြီး ဟိုသိဒ္ဓိ ဒီသိဒ္ဓိတွေ ပီးကုန်မလား။ ဒါဆို ပီယသိဒ္ဓိ၊ ကာယသိဒ္ဓိနဲ့ ဓနသိဒ္ဓိ ပီးရင်ကျေနပ်ပါတယ်။ တို့က ရောင့်ရဲတတ်ပါတယ်၊ အကုန်ရရင်ပြီးတာပဲ။
ဒါဆို ကိုယ့်ချစ်သူကို ဘာဝယ်ပေးရလဲ။ အမေ့ရော ဘာတွေလိုအပ်နေလဲ။
စာဖတ်သူကတော့ စဉ်းစားမှာပဲနော်။ အတော် တော်တဲ့သား၊ အမေ့ကို နောက်မှသတိရတယ်လို့။
ဒီလိုရှိတယ်ဗျာ။ လောကသဘာဝအရ ဘယ်သူမဆို မိဘထက် ရည်းစားကို အရင်သတိရတာပဲ။
ချွင်းချက်တော့ရှိတယ်။ အကယ်၍ အဲဒီလူမှာ ရည်းစားမရှိရင်ပေါ့။ ဒါမှမဟုတ် အဲဒီရည်းစားဆိုတာကို တကယ်မချစ်ရင်ပေါ့။
ကျွန်တော်က အဲဒီနှစ်ယောက်လုံးမှာ မပါတော့ သူ့ကိုပဲ အရင်သတိမိတာ သဘာဝကိုမဆန့်ကျင်ပါဘူး။
ဒါပေမယ့် ပိုက်ဆံမရှိလို့ ပေါင်ရမယ်ဆိုလည်း အမေထက် သူ့ကိုပဲ အရင်သတိရမိမှာ အမှန်ပါ။
ဒီညတော့ ရင်ခုန်စွာနဲ့ပဲ အိပ်ရတော့မယ်။ အကယ်၍ ဒီည အဘ မလာရင် ဘယ်လိုလုပ်မလဲ။ ဒါဆိုလဲ ဆီပုံး ပေါ့။ လောကမှာ လုပ်သလောက် အဖက်တင်ပါမယ်လို့ အာမခံသွားတာ Newton တစ်ယောက်ပဲရှိတယ်

xxxxxxxxxxxx
xxxxxxxxxxxx

ကျွန်တော်အိပ်ယာမှ နိုးလာခဲ့ပြီ။ အဘ မနေ့ညက ပေါ်မလာခဲ့ပါ။ အတော်စိတ်ပျက်သွားသည်။
မျှော်လင့်ချက်ကြီးကြီး၊ ၀ီရိယကြီးကြီး၊ သတိကြီးကြီး၊ ထိုကြီးသုံးကြီးဖြင့် သစ္စာရှိရှိ လုပ်ခဲ့သည်။ ထိုကြောင့် စိတ်သောကကြီးကြီး ရရှိခဲ့မှာ မဆန်းလှပါ
ထိုနောက် လက်ထဲမှာ မိမိရရ ကိုင်ဆုတ်ထားခဲ့ဖူးသော ဟိုအရာကို စိတ်ပျက်စွာပင် ကြည့်နေမိသည်။
အက်ကြောင်းလေးများတွေ့၍ ပျော်သွားမိသည်။ ဒါဆို အထဲမှာ တစ်ခုခုရှိမှာ သေချာပြီ။ နောက်ထပ် မျှော်လင့်ချက်တစ်ခု။ ခွဲကြည့်လိုက်သည်။
အသင် ဘာကို တွေ့မည်ထင်သနည်း။
စာထွင်းထားသော ကျောက်ခဲလေးတစ်လုံး သာ။
ဒါဆို ဂဏန်းပေးတာပဲ ဖြစ်ရမည်။ နောက်ထပ်မျှော်လင့်ချက် တစ်ခု။
မှန်ဘီလူးလိုက်ရှာ၍ ထွင်းထားသောစာများကို ဖတ်ကြည့်လိုက်သည်။
သေလိုက်ပါတော့ ယောက္ခမတွေ၊ စကားလုံးစုလေး နှစ်စု။ လောဘ နဲ့ ဒေါသ တဲ့။

သြော် လက်စသတ်တော့ ငါဟာ တစ်လလုံးလုံး လောဘနဲ့ဒေါသကို လက်ကမလွှတ်စတမ်း ကိုင်ဆုတ်ပြီးလျှောက်သွားနေခဲ့တာကိုး။
ထိုနေ့က ကျွန်တော်ရုံးမသွားပါ။ စိတ်ညစ်၍ ဖြစ်သည်။ အမှန်မှာ စိတ်ညစ်လွန်၍ ပျင်းသွားခြင်းဖြစ်သည်။

နောက်နေ့ အိပ်ယာထတော့ အတော်လန်းဆန်းနေသည်။ အသေအချာ စဉ်းစားကြည့်တော့ လက်ထဲတွင် ကျောက်ခဲကိုင်မထား၍ ဖြစ်နိုင်သည်။
ဘက်စ်ကားစီးတော့လည်းအသားမကျ။ ကျောက်ခဲမပါ၍ဖြစ်မည်။ ထိုသို့စဉ်းစားနေတုန်းမှာပင် ဘက်စ်ကားပေါ်မှာ အတူမတ်တပ်ရပ်နေသော ဘေးမှလူတစ်ယောက်က သူ့ထမင်းချိုင့် ခဏကိုင်ပေးဖို့တောင်းဆိုလာသည်။ သူလက်နှစ်ဖက်ကအလွတ်ကြီးဖြစ်၍ အတော်စိတ်တိုသွားသည်။ ဒါ လာကျောတာပေါ့။ သို့သော် သေချာကြည့်လိုက်တော့ နောက်လက်တစ်ဖက်က တစ်ခုခုကို မြဲမြဲဆုတ်ကိုင်ထားသည်။
သေချာပါပြီ၊ ဒီလူ ခဲလုံးတစ်လုံး ကိုင်ထားလေပြီ။ ဒီလူကို ဘယ်လိုရှင်းပြရမလဲ။ မင်းဘာနားလည်လို့လဲ လို့ အပြောခံရနိုင်သည်။ သူတစ်ခုခုရသွားမှာ မနာလိုလို့ လာပြောသည်ဟုလည်း ထင်နိုင်သည်။
အကောင်းဆုံးက နှုတ်ပိတ်နေရုံပင်။ ပြဿနာကင်းသည်။
ရုံးရောက်တော့လည်း အားလုံးက ကျွန်တော့ကို ၀ိုင်းခိုင်းကြသည်။ လက်စားချေနေသလား ဟုပင်ထင်ရသည်။
သေလိုက်ပါတော့၊ သူတို့အားလုံး ခဲလုံးကိုယ်စီ ကိုင်ထားကြသည်။

မဖြစ်တော့ပါ။ မနက်ဖြန်ကစပြီး ကိုယ်လည်း ခဲလုံးတစ်လုံး ကောက်ကိုင်ထားမှ ဖြစ်တော့မည်။

စဉ်းစားကြည့်ရန်။ ။
ကျွန်တော်တို့အားလုံး နေ့စဉ်နှင့်အမျှ သွားလာလှုပ်ရှားစဉ် အချိန်တိုင်းမှာပင် လက်ထဲတွင် ခဲလုံးတစ်လုံးတော့ ရှိနေသည်။
အိမ်က အမေနဲ့ ရန်ဖြစ်တယ်၊ အိမ်ထောင်ဖက်နဲ့ ရန်ဖြစ်တယ်၊ ညီအကိုမောင်နှမနဲ့ ရန်ဖြစ်တယ်၊ ရည်းစားနဲ့ရန်ဖြစ်တယ်။ ပြီးတော့ အဲဒီ ဒေါသဆိုတဲ့ ခဲလုံးလေး သွားလေရာသယ်သွားတယ်။ ခဲလုံးမှန်းမသိတော့ မြဲမြဲဆုတ်ပြီး သယ်သွားတာပေါ့။
အိမ်က အမေက ဆန်မရှိတော့ဘူးသားတဲ့။ မိန်းမက ဒီနေ့ပိုက်ဆံမပါရင် အိမ်မပြန်ခဲ့နဲ့တဲ့။ ကလေးတွေက ဖေဖေကျောင်းက အလှူငွေထည့်ပါဦးတဲ့။ ချစ်သူ မွေးနေ့လက်ဆောင် ၀ယ်ပေးရဦးမယ်။ အဲဒီလို လောဘဆိုတဲ့ ခဲလုံးလေးကော ကိုင်ကိုင်မသွားမိဘူးလား။
အဲဒီလိုကိုင်ပြီးတော့ သူများကို အကူညီတောင်းတော့ မျက်စောင်းထိုးခံရတယ်။
သူများက အကူညီလာတောင်းရင်ကော လုပ်နိုင်လျက်နဲ့ ကိုယ့်ဖာသာမလုပ်ဘူး ဆိုပြီး ငြိုငြင်မိတယ်။
ကဲ .. ခဲလုံးပဲ လွှင့်ပစ်ကြရအောင်ဆိုတော့ ဘယ်သူတွေ လွှင့်ပစ်ချင်လဲ။
ဒီကောင့်ကို အသေသတ်ရမှကျေနပ်မယ်ဆိုပြီး ခဲလုံးကို နေ့စဉ်ရက်စက် လွှင့်မပစ်ဘဲ ကိုင်ထားတယ်။
ဒီလောက်တောင်လုပ်လာပြီးမှ မစွန့်လွှတ်နိုင်ဘူး ဆိုတဲ့ လောဘကြောင့်လည်း ခဲလုံးကို မြဲမြဲဆုတ်ထားကြတယ်။
သူများကိုသာပြောနေတာ၊ ကျွန်တော်လည်း လက်တစ်ဖက်က ခဲလုံးကိုင်ထားတော့ ဒီစာရိုက်နေတာ တော်တော်နဲ့ မပြီးနိုင်ဘူး။